မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Thursday 15 December 2011

မေဃ၀တီ မာန်အောင်ကျွန်း ကအီးကမ်းခြေအလှနှင့် အဖိုးတန် မဂန်း

၂၀၁၀ပြည့်နှစ် ဖေဖော်ဝါရီ ၃ရက် ည ၂၂ နာရီ ၄၅မိနစ်...အိပ်လို့ကောင်း နေသည့် အချိန် တယ်လီဖုန်း က ၀င်လာသည်။
ဖုန်းကိုကိုင်လိုက်တော့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်၅နာရီ အရောက်သွား၍ အဲပုဂံကောင်တာ တွင်လေယာဉ်လက်မှတ်လုပ်ကာ  ရခိုင်ပြည်နယ်သို့ခရီးထွက်ရမည်ဟု ဌာနမှ အရေးပေါ်တာဝန်ပေးလာသည်။
နံနက် ၅နာရီ လေဆိပ်ရောက်တော့ မြန်မာ့ ရုပ်မြင်သံကြားအဖွဲ့နှင့် MRTV-4 အဖွဲ့မှ အဖွဲ့သားတွေနဲ့ဆုံကြပြီး ညတွင်းချင်း အရေးပေါ်စီစဉ်ထားသည် ဆိုသော လေယာဉ်လက်မှတ်ကိစ္စကိုကြိုးပမ်းကြရသည်။

        လက်မှတ်ရတော့ လေယာဉ်က နံနက် ၆နာရီ ၃၀မိနစ်မှာ ထွက်သည်။ လေယာဉ် ထွက်တော့ပထမဦးဆုံး ပုဂံ-ညောင်ဦးတွင်ဆင်းသည်။ နောက်တော့ ဟဲဟိုးလေဆိပ်တွင်ဆင်းပြန်သည်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဆင်းရမည့် သံတွဲလေဆိပ်သို့ နံနက် ၁၀နာရီ ၃၀ မိနစ်ကျော်မှာဆင်းသည်။
လေယာဉ်စီးချိန်နှင့် လေယာဉ် နားချိန် အားလုံးပေါင်းလိုက်လျှင် ကြာမြင့်ချိန်လေးနာရီ နီးပါးဖြစ်သွားသည်။
မြ၀တီရုပ်သံအဖွဲ့က အဝေးပြေးကားဖြင့်မနေ့ညက ထွက်သွားကြသည်ဟုသတင်းရသည်။ သံတွဲရောက်ရင်တော့ဆုံကြရမည်။ ပြီးလျှင်မာန်အောင်ကျွန်းကို စုပြီးသွားကြမည်။ သွားရမည့် ခရီးစဉ်အကြောင်းအရာက ဘင်္ဂလားပင်လယ်အော်၏ အရှေ့မြောက်ဘက်တွင်တည်ရှိနေသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကျွန်းကြီးဖြစ်သည့် မေဃ၀တီမာန်အောင်ကျွန်းကြီး တစ်ကျွန်းလုံးအားအနားသတ်၍ ပတ်လည်ဖောက်လုပ်ထားသည့်ကျွန်းပတ်လမ်း သစ်ကြီးဖွင့်ပွဲဖြစ်သည်။ 

    မြန်မာနိုင်ငံတွင် ကျွန်းများပေါ်၌ မြို့နယ်အဆင့် တည်ထောင်ထားသော ရန်ကုန်တိုင်းမှ ကိုကိုးကျွန်းမြို့နယ်၊ တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ ရခိုင်ပြည်နယ်မှ ရမ်းဗြဲမြို့နယ်နှင့်မာန်အောင်မြို့နယ်တို့သည် ထူးခြားသောကျွန်းပေါ်မှ မြို့နယ်များဖြစ်သည်။

     မာန်အောင်ကျွန်းကို ခအုံးမော်၊ မျှော်တော်ဦးမော်၊ ဇီးတောမော်၊ ဘဲမော်ဆိုသည့် အငူလေးငူက ပတ်လည်ဝိုင်းရံနေပြီး မာန်အောင်ကျွန်း၊ ရဲကျွန်းနှင့် တိုက်ကျွန်းဟုခေါ်သည့် ကျွန်းသုံးကျွန်းဖြင့် ဖွဲ့စည်းတည်ရှိနေသည်ဟုသိရသည်။
ရှေးယခင်က မာန်အောင် ကျွန်းကို မေဃ၀တီ၊ ဂေါဒီပကျွန်း၊ နာဂဒီပကျွန်း၊ စတုပါဒ်ကျွန်း၊ ကျွန်းပြာသာဒ်၊ ဘောင်ဒူကျွန်း၊ ကျွန်းသာယာ၊ မိန်းမလှကျွန်း၊ ချဒူဘာကျွန်းဟု အမျိုးမျိုး မှည့်ခေါ်ခဲ့ကြသည်ဟုကြားသိရသည်။
ရှေးအဆိုများအရ ဘုရားရှင်လက်ထက်ကပင် တည်ရှိနေသောကျွန်းတစ်ကျွန်းဖြစ်သည်ဟု ယုံကြည်ကြသည်။ မာန်အောင်ကျွန်းကို ရခိုင်ဓည၀တီခေတ်က မေဃ၀တီ၊ ကိုလိုနီခေတ်က Chedubas၊ မြောက်ဦးခေတ်တွင် မာန်အောင်ဟု ခေါ်ဝေါ်ခဲ့ကြသည်ဟု မှတ်တမ်းများ အရ သိရပြန်သည်။ 
     
      ကျွန်းပေါ်တွင် လူဦးရေတစ်သိန်းခန့်နေထိုင်လျက်ရှိပြီး လူမျိုးခြား၊ ဘာသာခြားလုံးဝမရှိဘဲထေရ၀ါဒဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသား များသာ သီးသန့်နေထိုင်ကြသည်ကို ကြည့်ပါက ဂုဏ်ယူထူးခြား ဖွယ်ရာမြို့ဖြစ်သည်။
ထူးခြားဖွယ်ရာ တစ်ခုကို ထပ်မံတင်ပြရလျှင်တော့မြို့၏အနောက်မြောက်ဘက် ၁၂မိုင်ခန့် အကွာရှိတောင်နီတောင်မှာလည်း ထူးခြားလှသည်။ ထိုတောင်သို့ ဒေသခံများနှင့်အတူ သွားရောက်ခဲ့ဖူးသည့် အင်္ဂလိပ်လူမျိုး သုတေသီစာရေးဆရာ မောရစ် ကောလစ်က သူ၏ ၁၉၂၀ပြည့်နှစ်ထုတ် Into Hidden Burma ဟု ခေါ်သော Red Hill စာအုပ်တွင် ထိုတောင်ပေါ်၌သူတွေ့ကြုံခဲ့ရပုံ ကို တင်ပြထားရာ တွင် ထိုတောင်သို့ သွားရာတွင် ပန်းပင်များရှိမည်ဟု ထင်ခဲ့သော်လည်း သစ်ပင်တစ်ပင်တလေမျှမရှိကြောင်း၊ မြက်ပင်များ ကြိုးကြားကြိုးကြားဖြင့် ပေါက်ရောက်နေသော တစ်တောင်လုံးနီနေသည့် တောင်တစ်တောင် ကို မြင်တွေ့ရကြောင်း၊


     တောင်ပေါ်သို့ ရောက်သွားသောအခါ မွှေးရနံ့များကမွှေးပျံ့ကြိုင်သင်းလာကြောင်း၊ ထိုအနံ့ ဘယ်ကလာသလဲလို့ အရပ်ရှစ်မျက်နှာသို့ ဝေ့၀ဲလိုက်ကြည့်မိကြောင်း၊ ကြည့်သော်လည်း မြက်တောကြီးသာတွေ့ရကြောင်း၊ ထိုရနံ့ကိုမည်သည့်အနံ့ဟု တိတိကျကျ မပြောနိုင်သော်လည်း အမွှေးရနံ့စစ်စစ် ဖြစ်ကြောင်း၊ ထိုမြက်ပင်များနှင့် မြေနီကို သုတေသန ပြုလုပ်ရန် ထုပ်ပိုးယူဆောင်ခဲ့ကြောင်း၊ တောင်အောက် သို့ရောက်သောအခါ ယူလာသော အထုပ်ကြီးဖြည် ကြည့်လိုက်သောအခါ မည်သည့်အမွှေးရနံ့မျှမရှိတော့ ဘဲ သာမန်မြက်ပင်နှင့် မြေစာခဲများသာဖြစ်နေကြောင်း၊ အလွန်ထူးခြား အံ့သြဖွယ်ရာဖြစ်ကြောင်းဖြင့် ၎င်းင်း၏ ကိုယ်တွေ့စာအုပ်တွင် ရေးသားထားသည်ကို လေ့လာမှတ်သားရသည်။
 

            လမ်းခရီးတစ်လျှောက် ပင်လယ်အတွင်း၌ ဥဒဟိုသွားလာနေသော ငါးဖမ်းစက်လှေကြီးငယ်များ၊ နေ့အခါ ဖြစ်နေ၍ မှန်သားပြင်ကဲ့သို့ ကြည်လင် တောက်ပနေသည့် ပင်လယ်ရေကြည်လဲ့လဲ့များက ကြည့်ရသူ ကျွန်တော်တို့အဖို့ မျက်စိကျိန်းလှသည်။ ကမ်းစပ်အချို့မှ ဖြူလွလွသဲသောင်ပြင်များနှင့်သန္တာ ကျောက်တန်း ကျောက်ဆောင်များက အုန်းပင်တန်း များနှင့်အတူ သာယာလှပလွန်းလှသည်။
         ကျွန်းပေါ် အရောက် ကျွန်းပတ်လမ်းကြီးမှတစ်ဆင့် မိုင် ၂၀ကျော် တွင်ရှိသည့် ကအီးကမ်းခြေသို့လည်း အရောက်သွား ကြည့်ရန် ဒေသခံများက ဆော်သြ၍ရောက်သွားခဲ့ရာ သဘာဝကမ်းခြေအပန်းဖြေစခန်းတစ်ခုကဲ့သို့ သာယာလှပနေသည်။ ကအီးကမ်းခြေ ကလည်း ငပလီ၊ ကမ်းသာယာ၊ မောင်းမကန်၊ ငွေဆောင်၊ ချောင်းသာ တို့ကဲ့သို့ အပြိုင်သာယာလှပလွန်းလှ၍ မျက်စိထဲက မထွက်၊ ထိုကအီးကမ်းခြေအလှကိုကြည့်ရင်း ရခိုင်ဒေသ၌ တိမ်မြှုပ်ပျောက်ကွယ်နေသော တန်ဖိုးမဖြတ် နိုင်သည့် သဘာဝခရီးသွား လုပ်ငန်း၏ အရင်းအမြစ် ကြီးတစ်ခုဖြစ်သည်ဟု စာရေးသူကြည့်ရင်း နှမြော တသဖြစ်မိရသည်။

yangonmedia Group

သာဥာဏ်(ရန်ကင်း)

မှတ်ချက် = မူလစာမူပိုင်ရှင်သည် မအီးကမ်းခြေဟု ရေးသားထားသည်၊ မာန်အောင်မှာ မအီး ဆိုတာမရှိ ကအီး သာရှိသောကြောင်း ကျွန်တော်က မအီး အစား ကအီး ဟု ပြန်လေရေးသားလိုက်သည်။


No comments:

Post a Comment