မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Monday 26 December 2011

မေဃမြေမှ ချစ်စရာဓလေ့မွန်များ မေဃမြေမှ ချစ်စရာဓလေ့မွန်များ

                                                 
                   မေဃ၀တီဟုခေါ်သော မာန်အောင်ကျွန်းမှာ ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းလွတ်တစ်ကျွန်းတစ်ကျွန်းဖြစ်ပေသည်။ ကျွန်းပေါ်တွင်ရွာပေါင်း ၁၄၀-ကျော်ရှိသည်။ လူဦးရေ ငါးသောင်းခြောက်ထောင်ကျော်ရှိသည်။ စီးပွားရေးမှာ အဓိကအာဖြင့် ဆန်စပါးစိုက်ပျိုးရေး၊ ဆေးလုပ်ငန်း၊တံငါလုပ်ငန်း၊ အုန်းသီးကွမ်းသီး စိုက်ပျိုးရေးလုပ်ငန်းများပင်ဖြစ်ပေသည်။ စီးပွားရေ အခြေအနေကောင်းမွန်သလောက် အခြားဒေသများနှင့် ဆက်သွယ်မှုများတွင် အားနည်းလျှက်ရှိသည်၊ တစ်လလုံးမှ ၂-ပတ်မှ ၃-ပတ်အထိသာရှိသော သင်္ဘောတစ်စင်းနှင့် နွေရာသီလောက်သာ ခရီးစဉ်ရှိသော ဒါကိုဒါလေယာဉ် ခရီးရှိသည်။
     တသီးတခြားကျွန်းလွတ်ဖြစ်နေသော်လည်း မာန်အောင်ကျွန်းတွင် တစ်ကျောင်းတစ်ဂါထာတစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ချစ်စရာဓလေ့မွန်ကလေးများကား ထွန်းကားလှက်ရှိနေပေသည်။ မာန်အောင်ကျွန်းတွင် ထွန်းကာလျက်ရှိသော ဓလေ့ထုံးစံများမှာ လူမှုရေး၊ စီးပွားရေး လုပ်ငန်းဆောင်တာများမှ ပေါ်ပေါက်လာသော ဓလေ့ထုံစံများဖြစ်ကြသည်။ ရှေ့ဘိုးစဉ်ဘောင်ဆက်မှစ၍ ပေါ်ပေါက်ပြီး မြတ်နိုးစွာထိန်းသိမ်းလာကြသဖြင့်လည်း ယခုအချိန်ထိ တည်တံ့နေဆဲဖြစ်သည်။

  လူပျိုလှည့်ဓလေ့
             လူမှုဆက်ဆံရေးလောကမှ ပေါ်ထွက်လာသောလူပျိုလှည့်ပုံဓလေ့ကို ကြည့်မယ်ဆိုပါက ကမ္ဘာပေါ်တွင် လူမှုဆက်ဆံရေး အပီသဆုံး လူသားအဆန်ဆုံးဖြစ်သည်ကို တွေ့ရမည်။ မာန်အောင်ကျွန်းတွင် ကား ယဉ်ကျေးသော လူငယ်ဘ၀ ဆက်ဆံရေး အသွင်ဖြင့် ဓလေ့များအကြောင်းကို သုတေသီများ အကျယ်တ၀င့် ဖေါ်ပြကြပြီးဖြစ်၍ အကျဉ်းမျှသာဖေါ်ပြပါမည်။ မာန်အောင်ကျွန်း၏ ရှေ့ဆောင်ရှေ့ရွက် ကာလသားလူငယ်များ ကြင်ဖက်ရှာ လူပျိုလှည့်ကြပုံဓလေ့မှာ ယဉ်ကျေးလှသည်။ တရပ်နှင့်တရပ်၊ တရွာနှင့်တရွာ အပြန်အလှန်သွားလာ၍ လူပျိုလှည့်ကြရိုးရှိကြ၏။ ညဦးပိုင်း ခပ်စောစောရောက်လျှင် အဖေါ်အပေါင်းများနှင့် မိမိသွားလိုသော ရွာကိုသွားရ၏ ရောက်လျှင်ရွာခံလူပျို ကာလသားများထံသွား၍ မိမိမည်သည့်သူကို တွေ့ဆုံလူပျိုလှည့်လိုကြောင်း အကူအညီတောင်းရ၏။

          ထိုအခါ ရွာခံကာလသားလူပျိုတို့သည် ရည်ရွယ်သော မိန်းမပျိုအိမ်ကိုသွား၍ အကျိုးအကြောင်းပြောပြကာ အပျိုထုပ်ရသည်။ အိမ်တွင်မိန်းမပျို၏ အဖေရှိနေပါက တခြားတနေရာသို့ ရှောင်နေရန် ကြံဖန်ခေါ်ထုတ်ကြရသည်။ ရွာခံလူပျိုသည် မိန်းမပျော်အား အဆင်သင့် ပြုလုပ်ရန် မှာထားခဲ့ရသည်။ မိန်းမပျော်လည်း အိမ်နောက်ဖက်တွင် တွဲလျက်ပြုလုပ်ထားသော သီးသန့်အခန်းတွင် ဖျားခင်း၊ ကွမ်းဆေး၊ လက်ဖက်များ တည်ခင်းကာ စောင့်နေရသည်။

     ဧည့်သည်ရောက်လာသောအခါ မိန်းမပျိုမှာ ဧသည့်လူပျိုနှင့်လေးငါးတောင်လောက်ဝေးသော ခြေရင်းပိုင်းတွင် ယဉ်းကျေးစွာထိုင်လျက် စကားပြောကြရသည်။ ယင်းတို့နှစ်ဦး၏ အလယ်တွင် မီးခွက်တစ်လုံးထွန်းရသည်။ ယင်းသို့အစောင့်ကျနေသဖြင့် ယင်းတို့အား ညစောင့်ကျသည်ဟု၍ နောက်ပြောင်ပြောဆိုလေ့ရှိကြသည်၊ ယင်းသို့လူပျိုလှည့်ရာတွင် စဉ်းနှင့်စနစ်နှင့် ထုံစံအတိုင်း ကျင့်သုံးကြသဖြင့် မတော်မရော်မှုများ အကျင့်ပျက်မှုများ ပေါ်ပေါက်မှုမရှိကြပေ။

    ကင်းဓလေ့
          မာန်အောင်ကျွန်း၏ စီးပွားရေးတွင် လယ်ယာစိုက်ပျိုးရေးသည် အဓိကဖြစ်၏ ရှေ့အထက်ကျော်ကာရီကပင် ရှေ့လူကြီးများသည် လယ်ယာလုပ်ငန်းမှ ပေါ်ထွက်လာသော ဓလေ့ထုံစံများကို မြတ်နိုးစွာ ထိန်းသိမ်းလာခဲ့ကြသည်။ ယင်းဓလေ့ထုံးစံများမှာ စိုက်ပျိုးရေးလုပ်ငန်းအတွက်ရော၊ လူမှုရေးတို့တွင်ပါ တဖက်တလမ်း အကျိုးပြုလျက်ရှိသည်။ လယ်ယာလုပ်ငန်းမှ ပေါ်ထွက်လာသော ကင်းဓလေ့မှာ စိတ်ဝင်စားဖွယ်ကောင်း၏ ကင်းဓလေ့ဆိုသည်မှာ ကောက်စိုက်နေစဉ် ဘယ်ကွင်းအနီးမှ ဖြတ်လျှောက်လာသူ ယောကျာ်းများထံတွက် ကောက်စိုက်သမားများက စေတနာအလျှောက် ငွေကြေးသို့မဟုတ် စားစရာသောက်စရာများ တောင်းခံကြခြင်းပင်ဖြစ်၏။ သို့ကြောင့် ကောက်စိုက်ရာလယ်ကွင်းအနီးက မသွားလေ့နှင့်၊ သွားလိုက်လျှင် တခုခုတော့ ကျွန်မှာသေချာသည်။

      ပိုက်ဆံကြေးငွေမပါ၊ စားစရာသောက်စရာမပါခဲ့လျှင် ကောက်ဝင်စိုက်ရတော့၏။ ယင်းသို့တောင်းခံရရှိသော စားစရာသောက်စရာများကို တပျော်တပါး စားသောက်၍ ကောက်စိုက်ကြရာ လုပ်ငန်းခွင်ပျော်ရွင်မှုကို ရရှိနှိုင်ကာ လုပ်ငန်းလည်း တွင်ကျယ်နိုင်သည်။ ကြေးငွေများကို စုပေါင်း၍ ဘုရားပုထိုး ဂူကျောင်းများတွင် အလှူဒါန စုပေါင်းပြုလုပ်ကြခြင်းဖြင့် ကောက်စိုက်သူလုံမပျိုများရှိရာ လာရောက်ပိုးပန်းလေ့ရှိကြသည်။ ယင်းသို့ အလုပ်မလုပ်ဘဲ နေသူများသည် လုပ်နေသူများအား လာရောက်နှောက်ယှက်ရာ ရောက်နေသဖြင့် ယင်းလူများအား ပညာပေးသည့်သဘောဖြင့် ကောက်စိုက်ခိုင်းလိုက်ကြတော့၏။ ဤသို့ဒဏ်ခတ်ခံရသော ပိုးမောင်မောင် လူပေါ်ကြော့ကလေးများ အဖို့အသိတရားရကာ အလုပ်လုပ်လိုစိတ်များ ပေါ်လာနိုင်ပေသည်။

လက်ထုံးဓလေ့
          လယ်ယာလုပ်ငန်းမှ ပေါ်ထွက်လာသော ဓလေ့များကား များလှစွာ၏ လက်ထုံးခပေးပုံ ဓလေ့သည်လည်း စိတ်ဝင်စားဖွယ် ဓလေ့တခုပင်ဖြစ်သည်။ လက်ထုံးခသည် လက်ကျန်ခ ဟူသော ဝေါဟာရမှာရွေ့လာသည်ဟုဆိုဖွယ်ရာရှိသည်။ လယ်ကွင်းတခုတွင် လယ်ရှင်သည် ကောက်စိုက်နိုင်ရန် လယ်ကွင်းအများအပြားစိုမြေဖြစ်အောင် ထွန်ယက်အချောကိုင်ထားရ၏ ယင်းရွံ့ပြင်လယ်ကွက်များတွင် ကောက်စိုက်အဖွဲ့တဖွဲ့ ၀င်စိုက်ကြရာ လယ်ကွက်တစ်ခုတွင်မပြီးပြတ်လက်စမသတ်ဘဲ တခြမ်းကျန်ခဲ့ပါက ယင်းလက်ကျန်ကို နောက်တစ်နေ့တွင် တခြားတဖွဲ့က ၀င်ရောက်စိုက်းပျိုးစိုက်ပျိုးမည်ဟုဆိုလျှင် ပထမအဖွဲ့သည်။

         လက်ကျန်ကိုဝင်စိုက်သော ဒုတိယအဖွဲ့အား လက်ကျန်ခ(၀ါ) လက်ထုံးခ ပေးကြရလေ့ရှိပါသည်။ ယင်းဓလေ့မှာ ကောက်စိုက်သူများ အပြီးအပြတ် အဆုံးသတ်မစိုက်ဘဲ အချောင်ခိုမှု မရှိရလေအောင် တားဆီးထားသော ဓလေ့ကောင်းတခုအဖြစ် မြင်ရသည်။ လက်ထုံးခအဖြစ် တဖွဲ့လုံး ကောက်စိုက်သမားများအား စားစရာတခုခုအ၀ကျွေးရသော အလေ့ရှိသည်။ ယင်းဓလေ့ရှိသဖြင့် ကောက်စိုက်သမများမှာ မိမိလုပ်ငန်းကို အပြီးအပြတ် အဆုံးသတ်နိုင်အောင် ကြိုးစားလိုသောစိတ်ဓါတ်များ မွေးမြူလာနိုင်ပေရာ အထူးထိန်းသိမ်း မြတ်နိုးအပ်သော ဓလေ့ပင်ဖြစ်ပါသည်။

ကုန်းကျော်ရေကျော်ဓလေ့
          ဤဓလေ့မှာ လုပ်ငန်းပိုင်ရှင်များ အလုပ်သမားများအပေါ်တွင် မတရားအခိုင်းမှု။ ခေါင်းပုံဖြတ်မှုမှ ကာကွယ်ပေးထားသော ဓလေ့အဖြစ်မြင်နိုင်ပေသည်။ အချို့လယ်ရှင်တို့မှာ လယ်ကွင်းသည် တကွက်တည်းမဟုတ်ပဲ ချောင်းခြား၊ တောင်ကြားကွဲပြားကာ အကွက်များစွာ ရှိနေတတ်ကြသည်။ ကောက်စိုက်သမများသည် လယ်ကွက်တနေရာတည်းတွင် မစိုက်ရဘဲ ဟိုရွေ့သည်ပြောင်း၊ ချောင်းကူး ရေကူး၊ တောင်တက်တောင်ကျော် ပြောင်းေ၇ွ့စိုက်ပျိုးရမည်ဆိုပါက အလုပ်ပိုမိုပင်ပန်းကာ မတွင်ကျယ် ဖြစ်ကြရသည်။ 

           တနေရာတွင် စိုက်ပျိုးနေကြရာမှ တခြားချောင်းခြားသည့် နောက်တနေရာသို့ အလုပ်ချိန်နေ့အတွင်းပြောင်းရွေ့စိုက်ပျိုးရမည်ဆိုပါက ရေကျော်ချောင်းကျော်ခဟူ၍ လယ်ရှင်ထံတွင် လုပ်အားခတောင်းခံလေ့ ရှိကြသည်။ လယ်ရှင်မှာ အလုပ်သမားများ စိတ်ကျေနပ်စေရန် မုန့်ပဲသရေစာ တခုခုပြုလုပ်၍ ကျွေးမွေးရလေ့ရှိသည်။ ထိုအတူ တောင်ကုန်းများကိုကျော်၍ တခြားတနေရာသို့ပြောင်းရွေ့စိုက်ပျိုးကြရမည်ဆိုပါက ကုန်းကျော်ခအဖြစ် ရေကျော်မားများ အခွင့်အရေးရလာနိုင်သည်ဖြစ်၍ မြတ်နိုးထိန်းသိမ်းသင့်သော ဓလေ့ကောင်းတစ်ခုပင်ဖြစ်သည်။ အလုပ်ရှင်အလုပ်သမား ဖြေရှင်းပေးသောဓလေ့ပင်ဖြစ်ပါသည်။

အားဝင်စားဓလေ
          မာန်အောင်ကျွန်းတွင် တောရွာများမှာ မိန်းမတိုင်းလိုလိုပင် ကောက်စိုက်လေ့ရှီကြ၏။ အခစားအငှားမလိုက်သည့်တိုင် လက်စားလိုက်၍ စိုက်ကြ၏ ကောက်စိုက်ရာတွင် အစုအဖွဲ့များ ဖွဲ့စည်းကာ စိုက်ကြ၏။ တခုတဖွဲ့လျှင် အနည်းဆုံး လူဆယ်ယောက်မှ အများဆုံး လူပေါင်းရှစ်ဆယ်အထိရှိကြသည်။ ယင်းသို့စုစည်းထားသော အဖွဲ့များကို “ကောက်စိုက်အား” ဟူ၍ခေါ်ကြ၏။ တခါမျှ ကောက်မစိုက်ဖူးသေးသူ လုံမပျိုကလေးများသည် ကောက်စိုက်အစုအဖွဲ့တခုသို့ ၀င်လိုလျှင် ယင်းပါဝင်လိုသည့် ကောက်စိုက်အစုအဖွဲ့ရှိ ကောက်စိုက်အစုအဖွဲ့ရှိ ကောက်စိုက်သမများအားလုံးကို စားစရာ မုန့်ပဲတစ်ခုခုကျွေးရသည်။ ယင်းသို့ကျွေးရခြင်းကို အားဝင်စာ ပေးသည်ဟုခေါ်သည်။ ကောက်စိုက်မတတ်သေးသဖြင့် တတ်မြောက်သူများက ကောက်စိုက်ရင်း သင်ပြပေးသွားမည်ဖြစ်ရာ သင်ဆရာများအား ပူဇော်ခြင်းသဘောပင်ဖြစ်သည်။

          တရပ်တရွာမှ လောလောဆယ်ပြောင်းရွေ့လာသူများသည်လည်း ကောက်စိုက်ကျွမ်းကျင်တတ်မြောက်စေကာမူ အားဝင်စာ (အသင်းဝင်ကြေး) ပေးကြရသည်။ကောက်စိုက်ရာတွင် လက်စောက်စိုက်နည်းနှင့် လက်ဆုတ်စိုက်နည်းဟူ၍ နှစ်မျိုးရသည်။ အချို့က လက်စောက်စိုက်တတ်၍ အချို့မှာ လက်ဆုတ်စိုက်တတ်ကြ၏။ ယင်းစိုက်နည်းများမှာ ဒေသအလိုက် အများအားဖြင့် ကွဲပြားလျက်ရှိ၏၊ သို့ကြောင့် စိုက်နည်းစိုက်နည်းမတူသော အခြားဒေသမှ ပြောင်းလာသော ကောင်စိုက်သမအား ဒေသခံတို့က နည်းတူအောင် သင်ပြပေးရမည်ဖြစ်သည်။ ထိုကြောင့်ပင် လူသစ်အဖြစ်လည်းကောင်း အသင်ပြခံတပည့်တယောက်အဖြစ်လည်းကောင်း သတ်မှတ်ကာ အားဝင်စားတောင်းခံခြင်းဖြစ်သည်။ ယင်းတို့ကိုထောက်လျှင် ကောက်စိုက်အားတို့တွင် စည်းကမ်းကလနားဖြင့် စနစ်တကျဖွဲ့စည်းလုပ်ကိုင်ကြကြောင်းသိရသည်။

ပဂေမဖမ်းပုံဓလေ့
          စပါးပင်များ မှည့်ခြောက်လာသောအခါ ယောကျာင်္းများ အလုပ်ငန်းခွင်ဝင်ကြရပါသည်။ မိန်းမကောက်စိုက်သူများကဲ့သို့အားဖွဲ့(အစုဖွဲ့)၍ ကောက်ရိတ်သိမ်းကြသည်။ အချို့စပါးဖွံ့သန်အောင်မြင်သော လယ်ယာများရှိ စပါးပင်များတွင် ပဂေမခေါ်သော ပိုးတုံးလုံးကောင်နှင့်တူသော ပိုးကောင်တစ်ချို့ တွယ်ကပ်နေတတ်သည်။ ယင်းပိုးကောင်သည် သဲရွံ့မြေတို့ဖြင့် ခြတောင်ပို့ကဲ့သို့ ကောက်ပင်ပေါ်တွင် တွယ်ကပ်ကာ အလုံးငယ်ပြုလုပ်လျက် အတွင်းတွင်ခိုအောင်းနေတတ်သည်။ ယင်းကို ပဂေအုံ ဟုခေါ်သည်။ ကောက်ရိုက်သမားများသည် ကောက်ရိတ်ရင် ပဂေအုံတွေ့ရှိပါက ယင်းကောက်ပင်စုအား အရင်းမှ ရိတ်ဖြတ်စုစည်းယူလာကာ အိမ်ရှင်အား လာပြရသည်။ ယင်းသို့ စပါးပင်တွင် ပဂေအုံများဖွဲ့၍ တွေ့ရခြင်းသည် စပါးအထွက်များခြင်း၏  နိမိတ်ပင်ဖြစ်ကြောင်း ယူဆကြသည်။ပဂေအုံမှာ စပါးအထွက်ကောင်းသည့် လယ်မြေရှိ ဖွံ့သန်သော စပါးပင်မှာသာ တွယ်ကပ်နေလေ့ရှိသည်။ 

        လယ်ရှင်သည် ယင်းသို့ ပဂေအုံတွေ့ရှိသူတို့အား ပရေအုံတခုအတွက် ဓိရည်တအိုး ၀ယ်ကျွေးရရိုး ထုံးစံရှိသည်။ သိုကြောင့်ပင် ကောက်ရိတ်သမားများတို့အဖို့ ပဂေအုံတလုံးတွေရှိပြီဆိုလျှင် အလွန်ပျော်ကြ၍ ပဂေအုံတစ်လုံးဖမ်းထားပြီဆိုကာ အိမ်ရှင်အား အမြန်ဆုံးသွားရောက်ကာ လယ်မြေသို့ ထပ်၍ပင့်ခေါ်ကာ ပြလေ့ရှိကြသည်။ ယင်းပဂေအုံအား ကောင်းစွာယူဆောင်ကာ လာဘ်ကောင်းသည်ဟု အိမ်တွင်မမြတ်တနိုး ထိန်းသိမ်းကြပေသည်။

အတာရေ ကစားပုံဓလေ့
          ပီးတောက်ထိန်ဝါ၍ အတာကူသည့် လတန်းခူးနှစ်ဦးအစ အခါသမယ၀ယ် အတာရေသဘင်ပွဲများကို မြန်မာပြည်အနှံ့ဆွင်နွဲလေ့ရှိကြသည်။ မြန်မာပြည်အနှံ့တွင် သင်္ကြန်းသုံးရက်အတွင်၌သာ အတာရေပက်ဖျန်းကစားလေ့ရှိကြသည်။ မာန်အောင်ကျွန်းတွင်ကား ယင်နှင့်မတူ တမူထူးခြားလှသည်။ သင်္ကြန်းရက်မြတ်များ ကျော်လွန်ပြီး လေးငါးရက်လောက်မှသာ အတာရေကစားလေ့ရှိကြသည်။ သင်္ကြန်ရက်မြတ်သုံးရက်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်သူတော်စင်များအဖို့ နေ့ထူးနေ့မြတ်များပင်ဖြစ်၏ သို့ကြောင့် ကျောင်းကန်ဘုရားများတွင် လူကြီးများသာမက လူငယ်များပင် သွားရောက်၍အလှူဒါနကုသိုလ်ပြုလျက် ဥပုဒ်သီလများ စောင့်ထိန်းခြင်း၊ ဘာဝနာများပွားခြင်းတို့ ပြုလေ့ရှိသည်။

မိန်မပျိုမျးမှာလည်း လှူဖွယ်မုန့်များပြုလုပ်၍လည်းကောင်း၊ ဆွမ်းဘောဇဉ်များ ချက်ပြုတ်၍လည်းကောင်း ကျောင်းကန်ဘုရားများတွင် လှူဒါန်းလေ့ရှိကြသည်။ ယင်းကြောင့်ပင် သင်္ကြန်ရက်များအတွင်း ပျော်ပွဲရွင်ပွဲ ရေကစားပွဲများဖြင့် မပျော်ပါးကြခြင်းဖြစ်သည်။ သင်္ကြန်ရက်များလွန်သောအခါမှသာ မဏ္ဍပ်များဆောက်၍ သကြားရည်များတို့ ကျွေးမွေးလှူဒါန်းကာ ပျော်ပျော်ပါးပါး ရေကစားကြသည်၊ တောရွာများမှာမူ တရွာနှင့် တရွာ လှည့်လည်သွားလာကာ ရေကစားကြသည်။ ရေစ၍ ကစားကြသည်မှ ရက် ၂၀-လောက်ပင် ညရောနေ့ပါ ပျော်ပါးကစားတတ်လေ့ရှိကြသည်။ ယင်းသို့ သင်္ကြန်ရက်မြတ်များ ကျော်လွန်မှသာ ပျော်မြူးကြခြင်းမှာ ကုသိုလ်ရေးလည်းမပျက်၊ တသီးတခြားစီ ပျော်ပါးကြရ၍ အကျိုးထူးရှိလှပေသည်။

          ဘင်္ဂလားပင်လယ်အော်ထဲတွင် ကျွန်းလွတ်တခုဖြစ်သည့် မာန်အောင်ကျွန်းတွင် တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသကဲ့သို့ ထွန်းကားလျက်ရှိသော မြတ်နိုးဖွယ် ဓလေ့ထုံစံကောင်းကလေးများသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုရေရာတို့တွင် များစွာအထောက်အကူပြုလျက်ရှိသည်။ လူ့ဘောင်အတွက် အကျိုးပြုသော ဒေသဆိုင်ရာထုံစံဓလေ့ကောင်းကလေးများကို အရေးတယူထိန်းသိမ်းစောင့်ရှောက်ကာ ခေတ်နှင့်အညီတိုးတက်လာအောင် တည့်မတ်ပေးခြင်း၊ ဖြန့်ဖြူးပေးခြင်းဖြင့် ကျယ်ပြန့်လာစေကာ လူ့ဘောင်အတွက် တစ်ဆင့်ပြီးတစ်ဆင့် တထစ်ပြီးတထစ် အသုံးချသွားနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

                                                                                               ညီလတ်ထွေး(မာန်အောင်)

          စီးပွားရေ အခြေအနေကောင်းမွန်သလောက် အခြားဒေသများနှင့် ဆက်သွယ်မှုများတွင် အားနည်းလျှက်ရှိသည်၊ တစ်လလုံးမှ ၂-ပတ်မှ ၃-ပတ်အထိသာရှိသော သင်္ဘောတစ်စင်းနှင့် နွေရာသီလောက်သာ ခရီးစဉ်ရှိသော ဒါကိုဒါလေယာဉ် ခရီးရှိသည်။

ဒီစာမူပိုင်ရှင်သည် သူခေတ်သူကာလက ရေးထားသောစာမူထင်ပါသည် အထက်ပါစာပုဒ်လေးကိုကြည့်သောအားဖြင့် ဆက်သွယ်ရေး သိပ်မကောင်းသောခေတ်ကာလဖြစ်ပေသည် ယခုအခါမှာကား မာန်အောင်ကျွန်းကို အမြန်ယာဉ် သဘောင်္များဖြင်းလည်းကောင်း။မော်တော်ဘုတ်များဖြင့် လျှင်မြန်စွာသွားလာနိုင်ပါသည်။

                               ဒီစာမူကို အဖရခိုင် ဘလော့မှ ကူးယူဖေါ်ပြပါသည်။
                   

No comments:

Post a Comment