မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Thursday 15 December 2011

အမေ့နေ့

            အမေ..သား ကျောင်းမတက် ချင်တော့ဘူး။ 
စာတတ်တော့လည်း ဘာထူးလို့လဲဗျာ။
အမေတို့ကိုပဲ ကူညီတော့ မယ်လေနော်အမေ။"
ကျွန်တော့်ရဲ့ အားတက်သရော စကားသံမှာ အမေလက်ခံ သဘောတူ လိမ့်မည်လို့ ထင်မထား မိတာမို့ အမေ့မျက်နှာ ရိပ်ပြောင်းလဲမှုကို ကျွန်တော် လုံးဝသတိမထားမိ လိုက်တာပါ။ သတိထား မိလိုက်ချိန်မှာတော့ အမေ့မျက်နှာက ရဲတွတ်ပြီး ဒေါသ၊ အမျက်ခြောင်းခြောင်း ထွက်နေလေပြီ။
"ကိုမင်း..နင်ဘာစကား ပြောလိုက်တယ်။
ပြန်ပြောလိုက်စမ်း ငါ့ကို။

           " အမေသည် သာမာန် အချိန်များမှာ သားကြီးဟုသာ ခေါ်တတ်ပြီး စိတ်တိုဒေါသ အလွန်ကြီးသော အခါမှသာ ကျွန်တော့်ကို ထိုကဲ့သို့ ခေါ်တတ်ခြင်း ဖြစ်သည်။
ကျွန်တော့်စကားမှာ ဘာများအမှား ပါသွားပါလိမ့်ဟု သေချာပြန် စဉ်းစားကြည့် မိတော့လည်း ဘာမှမပါ။
တောသူတောင်သားများမို့ တောင်ယာ အလုပ်ဖြင့် အသက်မွေးသော မိဘနှစ်ပါး၏ ပင်ပန်း ဆင်းရဲမှုကို မျှဝေယူဖို့ ခွင့်တောင်းခြင်းသည် ကျွန်တော်မမှား။
ဒါဆိုအမေက ဘာလို့ဒေါသ ထွက်ရတာပါလိမ့်။
ထိုစဉ်ကတော့ ကျွန်တော်သည် အတန်းပညာ (၇)တန်းထိ သင်ယူအောင်မြင် ပြီးစအချိန်။
တွေးတောနိုင်သလောက် တွေးဆဆုံးဖြတ်ပြီး မိဘကျေးဇူးကို ဆပ်ဖို့ရန်  ပြင်ဆင်ခြင်းသာ။
မျက်တောင်တစ်ဖျား အမြင်မှာတော့ ကိုယ့်ကိုကိုယ် ကြီးမြတ်လှပြီ ထင်နေသော ကာလမို့ မျက်စိတစ်ဆုံး ကြည့်တတ်သော အမေတို့ရဲ့ အမြင်ကို နားမလည်နိုင်သေး။
       
       ထို့ကြောင့်ပင်"သားက အိမ်မှာအကြီးဆုံးသားလေ အမေရ။
ရွာထဲက ဘယ်အိပ်ကိုပဲကြည့်ကြည့် အကြီးဆုံးသားတွေက မိဘကိုကူပြီး အိမ်ရဲ့အလုပ်တွေကို ဦးစီးနေကြတာပဲလေ။
သားလည်း (၇)တန်းထိ အောင်ပြီးပြီပဲ။
သေစာ၊ရှင်စာလည်း မကတော့ပါဘူးအမေ။
သူများပြောတာ ခဏခဏခံရတော့ သားလည်းရှက်လှပြီဗျ။
အကြီးဆုံးသား ဖြစ်လျက်နဲ့ မိဘကိုမငဲ့ပဲ သားက ကျောင်းဆက်တက် နေတယ်လို့ ဝိုင်းပြောနေကြတာ။"
"တော်စမ်းကိုမင်း။ နင့်ကိုမွေးထားတာ ငါတို့။
နင့်ကို ကြီးပြင်းလာအောင် စောင့်ရှောက်ထားတာလည်း ငါတို့ပဲ။
အဲဒီပတ်ဝန်းကျင်က နင့်ကိုဘာမှ လုပ်ပေးတာမရှိဘူး။
ကြားလား ငါပြောတာ။ ဟေ့ ရီရီတို့လင်မယား စာကိုကောင်းကောင်း သင်ခွင့်မရခဲ့လို့ သင်ပုန်းကြီးကျေပဲ တတ်ခဲ့တယ်။
ဒါပေမယ့် ရီရီတို့မွေးထားတဲ့ သား(၃)ယောက်လုံး ပညာတတ်တွေ ဖြစ်စေရမယ်။
နင်ဘာမှ အထွန့်မတက်နဲ့ကိုမင်း။
မနက်ဖြန် နင့်ကို ငါကိုယ်တိုင် ကျောင်းလိုက်အပ်မယ်။ ဒါပဲ။"
"ဟင့်အင်းအမေ။ သားကျောင်းဆက်ပြီး မတက်တော့ဘူး။
အမေတို့ကိုပဲ ကူပြီးအလုပ်လုပ်တော့မယ်။ မတက်ဘူး။"

        မိဘရဲ့စေတနာကို မသိတတ်သည်တော့ မဟုတ်။
မိဘကျေးဇူးကို တစ်ဖက်တစ်လမ်းက ဆပ်ရန်စိတ်ကူးနှင့်မို့ ကျွန်တော်လည်း မှန်တယ်ဟုထင်သည်။
ထို့ကြောင့် လုံးဝကို အကြောက်အကန် ငြင်းဆန်ပြီး ကန့်ကွက်လိုက်၏။
မထင်မှတ်စွာ အမေ့မျက်ဝန်းဆီမှ မျက်ရည်တွေ ကျလာတာကို ကျွန်တော် တွေ့လိုက်ရသည်။
အမေဘာလို့များ မျက်ရည်ကျရတာပါလိမ့်။
ထိုစဉ်က ကျွန်တော့်အတွေး၊ ကျွန်တော့်ဥာဏ်နှင့်တော့ တွေးဆလို့မမှီနိုင်ခဲ့။ ကျွန်တော်ကျောင်းမှ ထွက်လိုက်ပါက ကျောင်းစရိတ်သက်သာမည်။
မိဘလုပ်ငန်းမှာ လုပ်အားတစ်ခုတိုးပြီး အမေတို့ အဆင်ပြေနိုင်မည်။
အမေတို့ ဝမ်းသာရမည် မဟုတ်ပါလား။
ခုတော့အမေက မျက်ရည်တွေပါ ကျလာသည်။
ကျွန်တော် နားမလည်နိုင်တော့။
          
      အမေက ကျွန်တော့်ပုခုံး နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး
"သားကြီး.. အမေတို့ကိုကြည့်စမ်း။
မင့်အဖေရော အမေရော ဘုန်းကြီးကျောင်းကနေပဲ သေစာ၊ရှင်စာလေး တတ်ခဲ့ရတယ်။ အခုအမေတို့ ဘဝကိုဘယ်လို ရုန်းကန်နေရလဲ။
ရွံ့ထဲ၊ဗွက်ထဲ နွားနဲ့ဖက်ရုန်းပြီး နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်မှ ဝမ်းဝရုံ၊ဖူလုံ အဆင်ပြေရုံပဲရှိတယ်။
အမေတို့ ဘယ်လောက်ပင်ပန်းလည်း သားကြီးတွေ့တယ်မလား။
အဲဒါအမေတို့ ပညာမတတ်လို့။
ပြီးတော့အမေတို့ သား(၃)ယောက် မွေးထားတာ။ သားတွေကို အမေတို့ ဥစ္စာ၊ပစ္စည်းအမွေထက်      ပညာအမွေပဲ ပေးချင်တယ်။
ငါ့သားတွေကို လူမိုက်လေးတွေ ဖြစ်မလာစေချင်လို့ပါ သားကြီးရယ်။
ပညာမတတ်ရင် အကန်းလိုပဲဟဲ့။"

       ပြောနေရင်းမှ တအီးအီးနှင့် ငိုချလိုက်သော အမေ့ကိုကြည့်ပြီး ကျွန်တော် ဘာလုပ်ရမည်မသိ။
အမေဘာလို့များ ဒီလောက်ထိ ဝမ်းနည်းနေရတာပါလိမ့်။
ကျွန်တော့်အတွေးမှာတော့ ဒါကဝမ်းနည်းစရာမဟုတ်။
ထို့ကြောင့်လည်း ကျွန်တော့် ဆုံးဖြတ်ချက်ကိုလည်း မပြင်နိုင်။


"သားသိတယ်လေ အမေရ။
အမေတို့ အရမ်းပင်ပန်းနေတာ သားမြင်နေ၊တွေ့နေတာပဲ။
အဲဒါကြောင့်မို့ သားကကျောင်းထွက်ပြီး ကူညီချင်နေတာလေ။
သားကျောင်းစရိတ်လည်း သက်သာမယ်၊ အမေတို့အတွက် လုပ်အားတစ်ခုလည်း တိုးလာမယ်။
ညီလေးတွေကိုပဲပညာတတ်ကြီးဖြစ်အောင် အမေတို့နဲ့အတူတူ သားလည်း မြေတောင်မြှောက် ပေးကြမယ်လေနော်အမေ။
သားဆုံးဖြတ်လိုက်ပြီ။
ကျောင်းဆက်မတက် တော့ဘူးအမေ။
သားကျောင်းမတက်တော့ဘူး။"
အမေ့မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်တာ တွေ့ရသည်။
မျက်နှာကလည်း အတော်ကို ခက်ထန်သွားပြီး ကျွန်တော့်ကို ဆွဲလှည့်ပစ်လိုက်သည်။ အိမ်လယ်တိုင်ကို မျက်နှာမူပြီးသား ဖြစ်နေပြီမို့ ကျွန်တော် အရိုက်ခံရတော့မယ်ဆိုတာ သိလိုက်၏။
ကျွန်တော်တို့ မိသားစုမှာ အဖေက အရမ်းအေးပြီး သားတွေကို လေအေးလေးနဲ့ ပြောဆိုဆုံးမ တတ်ပေမယ့်၊ အမေကတော့ ခပ်ကြမ်းကြမ်း ဆုံးမတတ်တာလေ။
ညီအကို(၃)ယောက်အတွက် ပလပ်စတစ် ကြိုးများဖြင့် အရောင်ခွဲထားသော ကြိမ်လုံး(၃)လုံးကို အိမ်နံရံမှာ ချိတ်ထားတဲ့အမေ။
ခုလည်းကျွန်တော် ကြိမ်ဒဏ်သင့်ဖို့ သေချာလေပြီ။
"ကိုမင်း.. နင်အတတ်ကောင်းတွေ တော်တော်တတ်နေတယ်ပေါ့။
ငါ့စကားကိုတောင် မခန့်လေးစားနဲ့။တိုင်ကိုဖက်ထားစမ်း။
အငယ်ကောင် နင့်အကိုကြီးအတွက် ကြိမ်လုံးဒီကိုယူခဲ့။။"

       ကျွန်တော်အံကိုကြိတ်ပြီး တိုင်ကိုဖက်ထားလိုက်သည်။။ အမေက ခြေသလုံး၊ တင်ပါးနှင့် ကျောပြင်ကို
စတင်ဗျောတင်လေပြီ။။ ကျောင်းတက်ပါတော့မယ်ဟု ပြောမှအရိုက်ရပ်မည်ဟု ပြောထား၏။။ ကျွန်တော်က မိဘအတွက် သိတတ်ခြင်းရယ်လို့ ခံယူထားမိသဖြင့် အံကိုကြိတ်ပြီး အားတင်းထားလိုက်သည်။။ သို့သော် အရေပြားသည် ပါးလွှာပြီး ခံစားတတ်သည့် အသိရှိသဖြင့် ကြိမ်လုံး၏ထိခတ်မှုဒဏ်ကို ကြာရှည်အားတင်း ခံနိုင်ရည်မရှိခဲ့။။ နောက်ဆုံးမှာတော့
"အား..ကြောက်ပါပြီအမေရ။
သားကျောင်းတက် ပါတော့မယ်။
အမေဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်အောင် သားကြိုးစားပါတော့မယ်။ တော်ပါတော့ဗျ။နာလှပါပြီဗျ။။"
နောက်ဆုံးမှာတော့ ကျွန်တော်ပဲ အရှုံးပေးလိုက်ရသည်။ ထိုစဉ်ကတော့ ကြိမ်လုံးကို အရှုံးပေးလိုက်ရခြင်း။
အမေက ကျွန်တော့်ကို ဖက်ပြီးငိုသည်။
ပြီးတော့မှ ကြိမ်လုံးအရှိုးရာများကို နနွင်းသိပ်ပေး၏။
နောက်နေ့မှာတော့ အမေကိုယ်တိုင် ကျောင်းသို့လိုက်ပြီး ကျွန်တော့်ကို (၈)တန်းတက်ရန် ကျောင်းအပ်ပေးခဲ့သည်။
သို့ဖြင့် ကျွန်တော့်ပညာရေး ခရီးက အဆုံးမသတ်ပဲ ရှေ့ဆက်ခဲ့တာဖြစ်သည်။။

        တက္ကသိုလ်ဝင် စာမေးပွဲကြီး၏ အောင်စာရင်းပင် ထွက်လာခဲ့လေပြီ။
ကျွန်တော်လည်း ဓာတုဗေဒဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့၏။ 
အမှတ်စာရင်းတွေ ထွက်လာတော့လည်း ကျွန်တော့်အမှတ်တွေက ဘာသာတိုင်းမှာ ညီမျှခဲ့သဖြင့် အမှတ်ကောင်းသည်ဟု ပြောနိုင်ခဲ့သည်။
ဘယ်တက္ကသိုလ်သို့ ဆက်တက်မည်လဲဟု အဖေနှင့်အမေက မေးတော့ ကျွန်တော် မဆုံးဖြတ်နိုင်သေး။
ဒီနေ့လည်း အမေ့ကို နှိပ်ပေးနေရင်း ကျွန်တော်(၇)တန်းနှစ်က ကျောင်းထွက်ရန် ကြိုးစားခဲ့စဉ်က အကြောင်းကို ပြန်တွေးနေမိတာ ဖြစ်သည်။
ခုချိန်ပြန်တွေးတော့ အမေ့ကျေးဇူးကို ကျွန်တော်ထင်ထင်ရှားရှား သိလေပြီ။ 
ထိုစဉ်က ကျွန်တော် ကြိမ်လုံးကို အရှုံးပေးခဲ့ရခြင်း မဟုတ်ခဲ့။
အမေ့စေတနာ မေတ္တာတွေကို အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ကျွန်တော့်ဘဝအတွက် လှေကားထစ်ရှည်ကြီး တစ်ခုကို ထပ်မံတပ်ဆင် လိုက်နိုင်ခြင်း ဖြစ်သည်။
ရုတ်တရက် ကျွန်တော် နှိပ်ပေးနေသော အမေ့ဂုတ်ပိုးမှ အသားမာလို ဘုတစ်ခုကို နှိပ်မိလိုက်သည်။
အရင်တုန်းက နှိပ်ပေးတိုင်းလည်း ထိုဘုကိုတွေ့ရ၏။
ဒီနေ့တော့ ကျွန်တော်အမေ့ကို စပ်စုလိုက်သည်။။
"အမေ့"
"ဟဲ့..ဘာတုန်း။"
"အမေ့ဂုတ်ပိုးက ဘုကြီးက ဘာဖြစ်တာလဲဟမ်။"
အမေ့ဆီမှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။
ပြီးတော့မှ လက်ပြန်ဖြင့် သူမဂုတ်ပိုးမှ ဘုကိုအမေက ပြန်စမ်းကြည့်၏။။

     "အဲဒါကိုကြည့်ပေါ့ သားကြီးရယ်။။ အမေတို့ ပညာမတတ်တော့ ကာယကို အားကိုးပြီး အလုပ်ကြမ်းတွေ လုပ်ကြရတယ်။။ အမေက မိန်းမသားဆိုတော့ ဒီဒဏ်တွေကို မင့်တို့အဖေလောက်တော့ ဘယ်ခံနိုင်ရည် ရှိမလဲသားကြီးရဲ့။။ အဲဒီဘုက အမေ စိုက်ခင်းတွေကို ရေထမ်းလောင်းရင်း အထမ်းရေများတော့ တံပိုးအရာကနေ အသားမာတက်လာတာလေ။
အဲဒါတွေကို ကိုယ်တွေ့ ခံစားနေရတာမို့ အမေ့သားတွေကို ပညာတတ်ကြီးတွေ အဖြစ်နဲ့ ပန်ကာအောက်မှာ၊ ဘောလ်ပင်ကိုင်ပြီး အလုပ်လုပ်ရတာကိုပဲ အမေမြင်ချင်တယ် သားကြီးရယ်။
သားကြီးကြိုးစားနော်။"
ကျွန်တော်ကြက်သီးတွေ ထသည်ထိ ကြည်နူးစွာ ခံစားလိုက်ရသည်။
အမေ့မေတ္တာ ကြီးမာလွန်းလှပါလား အမေရယ်။
ကျွန်တော်တို့ အရပ်မှာက စိုက်ခင်းတွေကို ရေတွင်းရေဖြင့် ရေလောင်းကြတာဖြစ်သည်။ ဝါးပိုးဝါးကို အလယ်မှ တိုင်နှစ်ချောင်းဖြင့် ချိတ်ဆွဲ၊ အနောက်ပိုင်းမှာ ခဲဆွဲပြီး၊ ရှေ့မှာ ထီးရိုးဝါးတစ်လုံးချိတ်ဆွဲကာ ရေပုံးတပ်ပြီး ရေငင်ကြတာဖြစ်၏။ ရွာတွေမှာတော့ မောင်းလက်ဆိုရင် လူတိုင်းသိကြတာလေ။ ထိုမောင်းလက်ဖြင့် ရေအကြိမ်ကြိမ် ငင်ခဲ့သော အမေ့လက်တို့ ကြမ်းနေလေပြီ။
တံပိုးဖြင့် ပုံးနှစ်ပုံးကို အကြိမ်ကြိမ်ထမ်းပြီး ရေလောင်းခဲ့ရသဖြင့် အမေ့ဂုတ်ပိုးမှာ အသားမာဘုပင် ထွက်နေလေပြီ။
ကျွန်တော်ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားကြီး ချလိုက်တော့သည်။
အမေဖြစ်စေချင်သော ပညာတတ်ကြီး တစ်ယောက်ဖြစ်အောင် ကျွန်တော်အစွမ်းကုန် ကြိုးစားမည်ဟု။
ဆယ်တန်းကိုပင် အောင်မြင်ခဲ့ပြီး ဖြစ်သဖြင့် တစ်နှစ်တစ်တန်း အောင်မြင်ပြီး မိဘတွေဖြစ်စေချင်တာကို ဖြစ်အောင်လုပ်ပြကာ စိတ်ချမ်းသာစေခြင်းသည်လည်း မိဘကျေးဇူးကို ဆပ်သည်မည်ကြောင်း ကျွန်တော်သိနေပြီလေ။


      "အမေ..အမေစိတ်ချနော်။သားကြိုးစားမယ်။
အမေဖြစ်စေချင်တဲ့ ပညာတတ်ကြီးတစ်ယောက် ဖြစ်အောင်ကို သားအစွမ်းကုန် ကြိုးစားမယ်အမေ။။"
"အေး.. ဒါမှအမေ့သားကြီး။
အမေ့သားကြီး ဆရာဝန်တက္ကသိုလ် တက်မလား။
အင်ဂျင်နီယာ တက္ကသိုလ် တက်မလား။ အမေ့ကိုပြောစမ်း။။"
အမေ့မျက်နှာသည် ပြုံးပြုံးကြီး ဖြစ်နေ၏။
သူမမျက်ဝန်းထဲမှာ နောင်(၅)နှစ်လောက် အကြာမှာ ဖြစ်နေမယ့် သူမရဲ့သားကြီး ကျွန်တော်သည် ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား တွေးဆမြင်ယောင် ကြည့်နေဟန်ဖြင့်။ကျွန်တော်အမေ့လက်မောင်းကို နှိပ်ပေးလိုက်ပြီး
"သားဆရာဝန် မလုပ်ချင်ပါဘူး အမေရ။
ဝါသနာမပါဘူး။။"
"ဟဲ့.. ဒါဆို အင်ဂျင်နီယာကြီး လုပ်လေသားကြီးရ။
ကုန်ကျစရိတ်ကို ထည့်မတွက်နဲ့။ အောင်မယ်လေး ငါ့သားကြီးသာ အင်ဂျင်နီယာကြီး ဖြစ်အောင်ကြိုးစား ကျန်တာအမေတို့ တာဝန်ထားလိုက်။။ ကြားလားသားကြီး။"
         
       ကျွန်တော်ပြုံးလိုက်မိသည်။
တောသူတောင်သားဖြစ်သော အမေက နည်းပညာတက္ကသိုလ် ကျောင်းသား(၁)ယောက်၏ ကုန်ကျစရိတ်ကို ပေါ့ပေါ့လေးထင်နေတာ ဖြစ်သည်။
(၅)နှစ်ဆိုသော ပညာသင်နှစ်အတွင်း ကျူရှင်စရိတ်၊ ကျောင်းစရိတ်များသည် နည်းမည်မဟုတ်။
အမေတို့အတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်ပေလိမ့်မည်။
သို့ပေမယ့် ကျွန်တော် အမေ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင်သည်။
အမေဖြစ်စေချင်သော အင်ဂျင်နီယာတစ်ယောက် ဖြစ်ကိုဖြစ်ရမည်။
အမေ့ဆန္ဒအတိုင်း အင်ဂျင်နီယာကြီး တစ်ယောက်လည်း ဖြစ်လာမည်ဖြစ်ပြီး၊ အမေတို့ကိုလည်း ဝန်ထုပ်၊ဝန်ပိုးအနေမျိုး မဖြစ်စေသော နေရာကို မနက်က လ္ဘက်ရည်ဆိုင်တွင် သူငယ်ချင်းတွေနှင့် ထိုင်နေတုန်းက သတင်းစာတစ်စောင်မှာ ကျွန်တော် ဖတ်လိုက်ရသည်။
ထိုနေရာကို ကျွန်တော် သွားမည်ဆိုပါက ကျွန်တော့်၏ (၁၀)တန်းအောင်ပြီးစ လူငယ်ဘဝကို ဆုံးရှုံးရမည်။
တခြားတခြား လူငယ်သူငယ်ချင်းတွေလို ကျွန်တော် ပျော်ရွှင်နေခွင့်၊ လူငယ်တစ်ယောက်ပီပီ လွတ်လပ်စွာ ရှင်သန်နေခွင့်တွေ ဆုံးရှုံးခံရမည်။
တင်းကျပ်တဲ့ စည်းကမ်းဘောင်အတွင်းမှာ တစ်သက်တာကို မြှပ်နှံရပေလိမ့်မည်။။
          
       ကိုယ်လုပ်ချင်တာထက်၊ လုပ်သင့်တာကို အမြဲဦးစားပေး ရမည်ဖြစ်ပြီး၊ ကိုယ်ရေးကိုယ်တာ အခွင့်အရေးတိုင်း ဆုံးရှုံးခံရပေလိမ့်မည်။
သို့သော်လည်း ကိစ္စမရှိ။
ကျွန်တော်လည်း ဝါသနာပါသည်။
ထိုကဲ့သို့ ကျွန်တော့်တစ်ဦး၏ အဆုံးရှုံး၊ အနစ်နာခံရမှုသည် အမေနှင့်တကွ ကျွန်တော်၏ အမိမြေသို့ပါ ကျေးဇူးဆပ်ခွင့်ရပေလိမ့်မည်။
ကျွန်တော် ကျေနပ်စွာ ထိုနေရာကို ရွေးချယ်လိုက်၏။
ကျွန်တော် ထိုနေရာကို သွားမည်။
အမေဖြစ်စေချင်သော အင်ဂျင်နီယာတစ်ယောက် ကျွန်တော် ဖြစ်ကိုဖြစ်စေရမည်။
ကျွန်တော် အမေ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး
"စိတ်ချပါအမေ။။ အမေဖြစ်စေချင်သလို သား အင်ဂျင်နီယာကြီး တစ်ယောက်ဖြစ်စေ ရမယ်နော်။။ အမေစိတ်ချပါဗျာ။။"
အမေ့မျက်နှာသည် ပြုံးပြုံးကြီး ဖြစ်နေ၏။
ဒါမှအမေ့သားကြီး ဟုပြောကာ ပြန်လည်ဆုပ်ကိုင်လာသော အမေ့လက်အစုံမှ အားတွေသည် ကျွန်တော့်ကိုယ်တွင်းသို့ တသွင်သွင်စီးလျက်။ 
အမေ့မေတ္တာ၊ စေတနာတို့ဖြင့် ထုံမွမ်းပေးထားသော ကျွန်တော့် အနာဂတ်သည်လည်း တောက်ပလျက်။

        အမေဖြစ်စေချင်သော အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့ ကျွန်တော့် ခြေလှမ်းတွေရဲ့ အစဟာ ခက်ခဲမှုတွေနဲ့ ဆီးကြိုနေခဲ့တာပါ။
အမေနဲ့တကွ မိသားစုနဲ့ အဝေးဆုံးမှာ အပင်ပန်းဆုံး အနေအထားတွေနဲ့ စာပေကို သင်ကြားခဲ့ရတာလေ။
တစ်နှစ်တိုင်း တစ်နှစ်တိုင်းမှာ အမေ့ရင်ခွင်ဆီ (၄)ပတ်ဆိုတဲ့ အချိန်လေးပဲ ပြန်လည် ခိုလှုံခွင့်ရမယ် ဆိုတာကိုလည်း အစတည်းက သိနေတာမို့ အသွားတည်းက စိတ်ထဲတော့ သိပ်မကောင်းလှ။
အမေနဲ့အဖေ့ကို ကန်တော့ချိန်မှာ မျက်ရည်တွေနဲ့ အမေကဆုတွေပေးပြီး၊ ဆုံးမစကားတွေ ပြောရှာပါတယ်။
ဒါပေမယ့် ကျွန်တော့် ခရီးကို အမေလိုက်မပို့ခဲ့။
အိမ်မှာပဲ နေရစ်ခဲ့တာလေ။
အဖေကတော့ လိုက်ပို့ နှုတ်ဆက်ပြီး ကြိုးစားကွာ သားကြီးဟု ပုခုံးကို ကိုင်ကာ နှစ်သိမ့်ပေးခဲ့သည်။
တကယ်သွားရတော့ ကျွန်တော် မျက်ရည် ဝဲလာတာကို ဘာသာသတိထားမိ၏။
မိဘနဲ့ အဝေးဆုံးကို ဘယ်သူကသွားချင်မလဲလေ။
ကျွန်တော်လည်း အတူတူပဲပေါ့။

         တကယ်တမ်း ပင်ပန်းဆင်းရဲမှုတွေနဲ့ ကြုံတွေ့ရတော့ ကျွန်တော် အတော်ကို တုန်လှုပ်မိသည်။
ကျွန်တော်တွေးထင်တာထက် ပိုပြီး ပင်ပန်းတာကို လက်တွေ့ကျကျ သိမြင်ခွင့် ရခဲ့တော့ ရှေ့ဆက်မယ့် ခြေလှမ်းတွေက နောက်ပြန်လှည့်ချင် လာခဲ့မိ၏။
ရာသီဥတု၏ ဆိုးဝါးမှု၊ တင်းကျပ်တဲ့ စည်းကမ်းတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်ပေး ခံရမှုတွေအောက်မှာ ဆက်လက် တက်ရောက်ရန် ဆန္ဒမရှိသူများ ဆိုသော စာရင်းမှာ နာမည်ပေးသွင်းဖို့ ကျွန်တော် ခဏခဏကို စဉ်းစားမိတဲ့ အထိပါပဲ။
ဒါပေမယ့် အမေ့မျက်နှာကို ပြန်လည်မြင်ယောင် မိချိန်မှာတော့ ဖြစ်ရမည်ဆိုတဲ့ သံဓိဌာန်စိတ်တွေ ကိုယ့်ဘာသာ ပြန်မွေးရင်း ခက်ခဲခြင်းတွေကို အားတင်းကျော်ဖြတ်ခဲ့၏။ ညဘက် အိပ်ခါနီးတိုင်း ကျောင်းဘေးက ဖြတ်သွားတဲ့ ရထားကြီးရဲ့ ဥသြသံက လူမသိ၊သူမသိ မျက်ရည်တွေကို ချူထုတ်ပေးနေသလိုလို။
ကိုထူးအိမ်သင်ရဲ့ သီချင်းလို ရထားဥသြသံလေးများ ကြားရတိုင်း အိမ်ပြန်ချင်သော စိတ်တို့ ထိန်းမရခဲ့။ သို့သော်လည်း......။။

        ဒီနေ့တော့ ကျွန်တော် အရမ်းကို ပျော်နေသည်။
အဖေ၊အမေနှင့် ညီလေးတွေကိုပါ စုံစုံညီညီ တွေ့ဆုံခွင့်ရခဲ့၏။ အမေက ကျွန်တော်ကြိုက်တတ်သော ဟင်းမျိုးစုံကို အများကြီး ချက်ယူလာတာမို့ အစားဆင်းရဲခဲ့သမျှကို အတိုးချပြီး စားလိုက်မိသည်။
ထမင်းစားပြီးတော့ အမေ့ပေါင်ပေါ် ခေါင်းတင်လို့ ခဏလှဲရင်း အမေ့မျက်နှာကို ငေးကြည့်နေမိ၏။
ကျွန်တော့် တစ်သက်တာ အမေ့မျက်နှာသည် ထိုနေ့က ကြည့်လို့မဝဆုံး ဖြစ်ခဲ့သည်။
ထိုနေ့က ကျွန်တော်တက်ရမည့် ကျောင်း၏ သတ်မှတ်ချက်၊ စစ်ဆေးချက် ပေါင်းစုံကို အောင်မြင်ခဲ့လို့ ကျောင်းသားအဖြစ် သတ်မှတ်ခြင်း ခံရသောနေ့။ အမေ့လက်ကို ဆုပ်ကိုင်ရင်း
"နောက်ထပ် (၅)နှစ်ကြာရင် သား အင်ဂျင်နီယာကြီး ဖြစ်ပါပြီ အမေရ။"
ဟု အားတက်သရော ပြောလိုက်တော့ အမေ့မျက်နှာ ပြုံးသွားသည်။
ပြီးတော့ ပြန်လည် ညှိုးငယ်သွားပြီး
"သားကြီး အရမ်းပင်ပန်းသလား။
အသားတွေလည်း မဲသွားလိုက်တာ။အမေဖြင့် စိတ်တောင် မကောင်းဘူး။။"

        ကျွန်တော် အမေ့ကို ပြုံးပြလိုက်ပြီး တောသား အသားမဲတာ ဘာဆန်းလို့လည်း အမေရဟု အရွှန်းဖောက်လိုက်သည်။
ဒီတော့မှ အမေ့မျက်နှာပြုံးလာ၏။
တောသူ၊တောင်သား ကျွန်တော့်အတွက် အမေနှင့် မိသားစုကို လွမ်းတာကလွဲပြီး ကျန်တာက ခံနိုင်ရည် မရှိလောက်သော အနေအထားမဟုတ်ခဲ့။
ထို့ကြောင့် အမေ့ကို ရဲရဲကြီး ကတိပေးလိုက်သည်။ အမေဖြစ်စေချင်တဲ့ အတိုင်း ဖြစ်ကိုဖြစ်စေရမည်ဟု။
အဲဒီအချိန်တုန်းက အမေနှင့် ၃ ရက်ကျော်လောက် တွေ့ခွင့်ရခဲ့လိုက်သည်။
ပြီးတော့ အမေတို့ ပြန်သွားကြ၏။ ထိုစဉ်တုန်းကတော့ ကျွန်တော်မသိခဲ့။ 
အဲဒီရက်တွေဟာ ကျွန်တော် အမေ့ကို နောက်ဆုံးတွေ့ရခြင်း ဆိုတာကို ကျွန်တော် လုံးဝကို မသိခဲ့ရတာပါ။
                         
            ပထမနှစ်သင်တန်းတွေ ပြီးခါနီးလောက် တစ်နေ့မှာ ကျွန်တော့်ကို သင်တန်းတာဝန်ခံက ခေါ်တယ်ဆိုလို့ သူ့ရုံးခန်းကို ကျွန်တော် ရောက်သွားသည်။ ရုံးခန်းထဲရောက်တော့ သင်တန်းတာဝန်ခံ ရှေ့မှာက ကျွန်တော့် ကိုယ်ရေးဖိုင်ကြီး တင်ထား၏။ ဘာများဖြစ်လို့ပါလိမ့် ဟူသော အတွေးများနှင့် ကျွန်တော် နည်းနည်းလန့် သွားသည်။
"တပည့် ထိုင်ကွာ။"
       
        ဆိုတဲ့ သူ့အသံက အေးအေးဆေးဆေးပေမယ့် ကျွန်တော်ကတော့ ချွေးတွေပါပျံလာ၏။
ဟုတ်ကဲ့ဟု ပြောရင်း ကျွန်တော် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ ကျွန်တော့်နာမည်၊ နေရပ်လိပ်စာ၊ မိဘနာမည်များကို မှန်မမှန် တိုက်ဆိုင်မေးမြန်းနေသည်။ ဟုတ်မှန်ကြောင်း ကျွန်တော် ပြောလိုက်တော့ သင်တန်းတာဝန်ခံက သက်ပြင်းရှည်ကို လေးတွဲ့စွာချလိုက်ရင်း
"အေးကွာ တပည့်။
မင်းလည်း ယောင်္ကျားပဲ စိတ်ကို ခိုင်ခိုင်ထားကွာ နော။"
သွားပြီ။ 
အမေဖြစ်စေချင်သော အင်ဂျင်နီယာတစ်ယောက် ကျွန်တော် မဖြစ်နိုင်တော့ပြီလား။ ကိုယ်ရေးဖိုင်မှာ တစ်ခုခုငြိစွန်းလို့ ကျွန်တော့်ကို ကျောင်းက ထုတ်ပယ်တော့မည် ထင်သည်။ ကျွန်တော် ချွေးတွေပို ပျံလာရင်း ဟုတ်ကဲ့ဟု ဖြေလိုက်၏။
သင်တန်းတာဝန်ခံက စိတ်မကောင်းသည့် မျက်နှာပုံစံဖြင့်
"ဒီနေ့ ဖုန်းနဲ့ရော၊ ကြေးနန်းစာနဲ့ပါ မင်းအမေ ဆုံးတဲ့အကြောင်း အကြောင်းကြားလာတယ်။ မင်းကို အဲဒါခေါ်ပြောတာပါ။ မင်းခွင့်ပြန်ဖို့ ပြင်ကွာနော။"

          ဗျာ ဟူသော အသံကလွဲပြီး ကျွန်တော့်ဆီမှ ဘာသံမှ ထပ်ထွက်မလာတော့။ ရုံးခန်းကြီး ချာချာလည်သွားသလို ကျွန်တော့် စိတ်ထဲ ခံစားလိုက်ရသည်။
အမေဆုံးပြီဆိုသော အသံက ကျွန်တော့် နားထဲ မိုးကြိုးကြီး ပစ်ချသလို ခံစားရခက်စွာ အကြိမ်ကြိမ် ပြန်ကြားနေ၏။
ကျွန်တော့် မျက်လုံးမှ မျက်ရည်ပူတွေ လိမ့်ဆင်းလာသည်။
လူကတော့ တုတ်တုတ်မျှ မလှုပ်။
သင်တန်းတာဝန်ခံက ထိုင်နေရာမှ ထလာပြီး ကျွန်တော့် ပုခုံးကို ဆုပ်ကိုင်ရင်း အားပေး၏။
ဟုတ်ရဲ့လားဗျာ လူများမှားသလား ကျွန်တော့်ကို သေချာပြန်ကြည့် ပေးပါဦးဗျာ ဟုတုန်တုန်ခိုက်ခိုက်ဖြင့် ကျွန်တော် ပြောလိုက်မိသည်။
သို့သော် ကျွန်တော် အခုရောက်နေတဲ့ နေရာက သတင်းကို မသေချာပဲ ချပြတတ်တဲ့ နေရာတစ်ခုမဟုတ်။
ကျွန်တော့်စကားသည် စကားအဖြစ်သာ ထင်ကျန်ခဲ့တာပါ။ 
သင်တန်းတာဝန်ခံက
"သေချာပါတယ် တပည့်။
စိတ်ကိုထိန်းကွာ။
မင်းအမေရဲ့ ဈာပနကို မင်းကိုယ်တိုင် မြေချနိုင်ဖို့ ခွင့်တစ်ပတ်ရမယ် တပည့်။
အဲဒါအတွက် မင်းကို ခေါ်ပြောတာ။ ခွင့်ပြန်ဖို့အတွက် ဒီနေ့ပြင်စရာရှိတာ ပြင်ထားလိုက်ပါ။ မနက်ဖြန် ခွင့်စရမယ်။"

        ဟုတ်ကဲ့ပါဟု ပြောပြီး ကျွန်တော် ရုံးကပြန်လာခဲ့ပေမယ့် စိတ်နဲ့လူက မကပ်။။ အဆောင်ပြန်ရောက်တော့ အကိုတွေ၊ သူငယ်ချင်းတွေက ကျွန်တော့်ကို အားပေးဖို့ စောင့်နေကြပြီလေ။
ကျွန်တော် တင်းမထားနိုင်တော့ သည်းထန်စွာပဲ ငိုချပစ်လိုက် မိတော့သည်။ နောက်နေ့မနက်မှာတော့ ကျွန်တော့်အမေရဲ့ ဈာပနအတွက် နောင်တော်၊ရောင်းရင်းတွေရဲ့ ကူညီငွေတွေနဲ့အတူ ကျွန်တော့် အမေ့ဆီ ပြန်လာခဲ့၏။ 
အမေ့ဆီ အပြန်ခရီးက ကျွန်တော့်အတွက်တော့ ရင်ထဲ မီးတောက်မတတ် ပူလောင်နေတဲ့ ခရီးလမ်း တစ်ခုဖြစ်ခဲ့ရသည်။
အိမ်ကိုဝင်လိုက်တော့ အဒေါ်တွေက အမေ့နာမည်တပြီး နင့်သားကြီး နင့်ဆီ ပြန်ရောက်လာပြီ ထကြည့်ပါဦးဟဲ့ ဆိုသော အသံများဖြင့် အုန်းအုန်းကြွက်ကြွက် ညံအောင် ငိုကြပြန်လေပြီ။ အားတင်းထားတဲ့ ကြားက ကျွန်တော့်မျက်လုံးမှာ မျက်ရည်တွေက တားမရအောင် ကျလာခဲ့ပြန်သည်။
ဇာခြင်ထောင်လေးထဲမှာ အမေက အိပ်နေသလိုလို။
ကျွန်တော် အမေ့ခြေရင်းမှ အမေ့ခြေထောက်ကို မျက်နှာအပ်လို့ ဦးချကန်တော့ နေပေမယ့် အမေကတော့ မသိနိုင်တော့။
အမေ့ခြေထောက်ကို မျက်နှာအပ်ထားရာက ကျွန်တော် လုံးဝမထ။ 
မျက်ရည်များက အတားဆီးမဲ့ စီးကျလျက်။
တော်တော် ကြာတော့မှ အမေ့အကို ကျွန်တော့် အဘက လာထူပြီး အကြီးဆုံးသားဖြစ်တဲ့ ကျွန်တော်က ဒီလောက်ကြီး ပူဆွေးပြနေရင် ကျွန်တော့် အောက်ကညီလေးများ အရမ်း အားငယ်သွားလိမ့်မယ်ဟု တိုးတိုးသတိပေးသည်။
အငယ်ကောင်တွေ မျက်နှာကြည့် လိုက်တော့လည်း ကျွန်တော့်ကို ကြည့်နေကြတာမို့ ကျွန်တော် ကိုယ့်ကိုကိုယ် ပြန်ထိန်းလိုက်ရ၏။
ဆုံးရှုံးမှုကို အတူတူကြုံ ရတာခြင်းမှာ အကြီးဆုံးဆိုတဲ့ သူက ပိုပြီးထိန်းချုပ်ရတယ်ဆိုတာ ကျွန်တော် နားလည်လက်ခံလိုက်ရသည်။

        ကျွန်တော် မျက်ရည်များကို သုတ်လိုက်ရင်း မျက်နှာကိုပြင်လိုက်ရသည်။ ပြီးတော့မှ ဘကြီးနှင့် အဖေတို့ဆီ သွားလိုက်ပြီး အမေက ဘယ်လိုဖြစ်ရတာလဲဗျာဟု မေးလိုက်မိ၏။ အဖေက မျက်နှာမကောင်းပဲ အကိုကြီး ခင်ဗျားသာ ပြောပြလိုက်ပါဗျာဟု ဘကြီးကို လှမ်းပြောသည်။
ဘကြီးက ခေါင်းငြိမ့်ပြလိုက်ရင်း
"'ဒီလို တူကြီးရေ။
အစတုန်းကတော့ သာမာန်ဖျားတာကွ။
ဒီက ဆရာဝန်လေးနဲ့ ကုနေတာ သက်သာလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ဆိုတော့ ဆေးရုံကို တင်ကြည့်ဖို့ပြောတယ်လေ။
အဲဒါနဲ့ ရန်ကုန်အမျိုးသမီး ဆေးရုံကြီးမှာ တင်လိုက်တယ်။ ဆေးရုံကြီးကလည်း ကုတာပါပဲကွာ။
ဘဘတို့လည်း ကုန်ချင်သလောက်ကုန် လူ့အသက်ထက်ဘာမှ အရေးမကြီးဘူးဆိုပြီး လိုတာအကုန် ပံ့ပိုးပေး ခဲ့တာပါပဲ။
ဆေးရုံမှာ ၁၅ ရက်လောက်ကြာတယ်။ ဒါပေမယ့် သူ့ကံက ကုန်နေပြီလေ။
ကယ်လို့ ကုလို့ မရခဲ့ပါဘူးကွာ။"
"ကျွန်တော့်ဆီ လာတုန်းကတောင် အမေကျန်းကျန်းမာမာကြီးပါ ဘဘရာ။။ ဘယ်လိုဖြစ်လို့ အဲဒီလောက်ထိ အခြေနေဆိုးသွားရ တာလဲ။"
"မင်းဆီက ပြန်လာတုန်းကတင် မဟုတ်ဘူးတူကြီးရ။
ပြီးခဲ့တဲ့ လအထိကို အကောင်းကြီး။
ဒီဘက်လထဲရောက်မှ ကောက်ကာ ငင်ကာထဖြစ်တာ။
ဆေးရုံပေါ်မှာလည်း သတိကရတစ်ချက် မရတစ်ချက်နဲ့ကွာ။
သူသတိရလာချိန်တိုင်းတော့ မင်းကိုပဲတသသ စိတ်မချဖြစ်နေရှာတာ။ "
အဲဒါများ ဘဘရာ ကျွန်တော့်ဆီ အကြောင်းကြားလိုက်တာ မဟုတ်ဘူးဟု ကျွန်တော် ယူကြုံးမရ ဝမ်းနည်းစွာ ပြောလိုက်မိ၏။

        "မင်းကျောင်းတက်နေတာကို အနှောက်ယှက် ဖြစ်မစိုးလို့ပါ တူကြီးရာ။။ သူ့ကို ပြန်ခေါ်ပေးမယ်လို့ ပြောရင်လည်း သူက အခု သူနေပြန်ကောင်းနေပြီ မခေါ်နဲ့တဲ့။။ သူ့သားကြီး စိတ်အနှောက်ယှက် မဖြစ်စေနဲ့တဲ့။
ဝေဒနာအရမ်း ဆိုးလာရင်တော့ သူ့မှာ မင်းနာမည်ကို ခေါ်နေရှာတာ။
ငါ့ညီမကြီး သားသမီးကို အချစ်ကြီးလွန်း ပါတယ်ကွာ။"
ဘကြီးက ပြောရင်း သူကိုယ်တိုင် မျက်ရည်တွေ ကျလာသည်။
အဖေလည်း တစ်ဖက်လှည့်လိုက်တာ တွေ့ရ၏။
အမေ့ရဲ့ ဘဝနေဝင်ချိန်များက သက်သက်သာသာ မရှိခဲ့ရှာပါလား။
ဝေဒနာရဲ့ ဖိစီးမှု အဝေးရောက် သားကြီး ကျွန်တော့်အပေါ် စိတ်မချ ဖြစ်နေမှုတွေနဲ့ အမေအတော်ကို ပင်ပန်းရှာမှာပဲ ဟုတွေးမိတော့ ကျွန်တော်လည်း မျက်ရည်ကိုထိန်းမရခဲ့။

           "သူ့ကို ဘယ်လိုမှ ကယ်လို့ မရနိုင်တော့မှန်း သိတည်းက ဘဘတို့လည်း သူ့ခေါင်းရင်းမှာ တရားခွေတွေ ဖွင့်ပေးထားတာ။
သူလည်း သူ့ကိုယ်သူ သိရှာမှာပါ။ 
သားတွေအတွက် မှာစရာရှိတာကို သူသက်သာတဲ့ အချိန်မှာ ဘဘတို့ကို မှာပြီး၊ တရားကို အချိန်ပြည့် နှလုံးသွင်းပြီး နေသွားရှာတော့တာလေ။
ငိုမနေပါနဲ့တော့ တူကြီးရယ်။
မင်းအမေ ငါ့ညီမကြီး ဘဝကူး ကောင်းရှာ မှာပါ။
ကုသိုလ် ကောင်းမှုကို တတ်စွမ်းသမျှပြုပြီး အမျှပေးဝေပေါ့ကွာ။
ပြီးတော့ သူဖြစ်စေချင်ခဲ့တာကို ဖြစ်အောင်သာ မင်းက ကြိုးစားပြီး လုပ်ပေးလိုက်။
ကြားလား တူကြီး။
အငယ်ကောင်တွေကိုလည်း ဂရုစိုက်ပေါ့ကွာ။။"

     ကျွန်တော် ဟုတ်ကဲ့ပါ ဘဘဟု ပြန်ပြောလိုက်ပေမယ့် မျက်ရည်ကတော့ ထိန်းမရအောင် ကျဆင်းနေဆဲ။
မငိုပဲတော့ ဘယ်လို မှနေနိုင်မှာ မဟုတ်တာ ဘကြီးလည်းသိမှာပါလေ။
ကျွန်တော်တို့ အတွက်က မြင့်မိုရ်တောင် တစ်ခြမ်းပြိုခြင်းဆိုတာ ဘဘလည်း သဘောပေါက်မှာပါ။
အမေ့ဈာပန မြေချတဲ့နေ့မှာတော့ ကျွန်တော် ဘယ်လိုမှ ထိန်းမရတော့။
ကျွန်တော့် ခွင့်ပြန်ရက်ကို မှီရအောင် (၅)ရက်တိတိ ထားခဲ့တာမို့ အမေ့ရုပ်က အနည်းငယ်ပျက်နေပေပြီ။
အမေ့ကို ငေးကြည့်နေစဉ်မှာပင် ဘကြီးက ကဲ သားတွေက နောက်ဆုံး ကန်တော့ကြကွာဟု ပြောသံကြားလိုက်သည်။
ကျွန်တော်တို့ ညီအကို (၃)ယောက် အမေ့ကို နောက်ဆုံးအကြိမ် ကန်တော့ လိုက်ကြ၏။
ဒါပြီးရင် အမေ့ကို မြေချတော့မယ်ဆိုတဲ့ အသိက ကျွန်တော့် အသိစိတ် တချို့ကို လွတ်သွားစေသည်။
ကျွန်တော် အမေ့ဆီ အတင်းပြေးသွားဖို့ လုပ်တော့ ဘေးက အကိုဝမ်းကွဲတွေ ဦးလေးတွေက အတင်းဆွဲထားကြ၏။
ရုန်းလွန်း မကရုန်းသောအခါ ကျွန်တော့် မေးရိုးကို ခွပ်ခနဲ ထိုးလိုက်သံ ကြားလိုက်ရပြီး ကျွန်တော် မူးဝေသွားတာပဲ သိလိုက်တော့သည်။ 
ကျွန်တော် အသိပြန်ဝင်လာတော့ အိမ်ပြန်ရောက်နေလေပြီ။
နောက်တစ်ရက်ကျော်မှာတော့ အမေ့အတွက် ဆွမ်းသွပ်တရား နာကြားပြီး ထိုနေ့မှာပင် ကျွန်တော့် ခွင့်ရက် စေ့ပြီမို့ ကျွန်တော် ပြန်လာခဲ့ရသည်။ 
မပြန်ချင်တော့သော ကျွန်တော့်စိတ်တွေကို အဖေနှင့် ဘကြီးပြောပြသော အမေ့နောက်ဆုံး ဆန္ဒ၊ နောက်ဆုံးစကားကြောင့် ကျွန်တော် အတင်းချိုးနှိမ်ပြီး ပြန်လာခဲ့လိုက်၏။။

        "ငါမရှိတော့ရင် ငါ့သားကြီးကို အင်ဂျင်နီယာကြီး ဖြစ်အောင် ဆက်ပြီး ပျိုးထောင်ပေးကြပါ။
ငါ့သားကြိး မျက်နှာမငယ်ရစေနဲ့။
သားကြီးကို ပြောလိုက်။
သူတော်အောင် ကြိုးစားလေ ငါပျော်လေပဲလို့။
ဒိထက်မကတော်အောင်၊ ဒိထက်မက အောင်မြင် တိုးတက်အောင် ကြိုးစားပါလို့ ငါမှာခဲ့တာ ပြောပြလိုက်ပါ။
" တဲ့။။
အမေ့ရဲ့ နောက်ဆုံးဆန္ဒ၊ နောက်ဆုံးစကားမှာတောင် သားကို အားတွေဆက်ပေးပြီး ဆက်ကြိုးစားစေအောင် ဆောင်ကြဉ်းခဲ့တာ ဝမ်းနည်းမျက်ရည်များကြားမှ ကြက်သီးထအောင် မြင်တွေ့ခဲ့ရသည်။
အမေချစ်သောသား၊ အမေ့ကိုချစ်သော သားတစ်ယောက် အဖြစ် အမေဖြစ်စေချင်တာကို မဖြစ်ဖြစ်အောင် ကြိုးစားတော့မည် ဟူသော သံဓိဌာန်ဖြင့် ကျွန်တော် အားတင်းပြန်ခဲ့ရသည်။
ကျွန်တော် အစွမ်းကုန် အစွမ်းရှိသမျှ ကြိုးစားပြီး အမေ့ဆန္ဒကို ဖြည့်ဆည်းနေတာ တမလွန်က အမေကြည်နူးစွာ တွေ့မြင်နေ မယ်ဆိုတာ ကျွန်တော်ယုံ၏။
ကျွန်တော် အမေနောက်ဆုံးပြောခဲ့သလို တော်သထက်တော်၊ အောင်မြင်သထက် အောင်မြင် တိုးတက်အောင် ကိုယ်စွမ်၊ဥာဏ်စွမ်းရှိသမျှ ကြိုးစားကာ အမေ့နို့ကြွေးကို တစ်စက်ကလေးဖြစ်စေ ဆပ်နိုင်သလောက် ဆပ်ဖို့ ဆုံးဖြတ်လိုက်သည်။
မြတ်စွာဘုရားရှင်ပင် နို့တစ်လုံးဖိုး မကျေခဲ့ဟု စာပေများမှာ ဆိုထားသဖြင့် ကျွန်တော့် ကျေးဇူးဆပ်မှုက အမေ့ နို့တစ်စက်ဖိုးပင် ကျေမှာမဟုတ်ဆိုတာ သိပေမယ့် တစ်စက်ကလေးဖြစ်စေ ကျေနိုင်စေဖို့ ကျွန်တော်ကြိုးစားနေဦးမယ် ဆိုတာ စိတ်ဆုံးဖြတ်လိုက်ရင်းးးးးးးးးးးးး။

     (အနန္တမေတ္တာရှင် အမေ၏ ကျေးဇူးဂုဏ်ကို ကျွန်တော်အလင်းသစ် စာဖြင့်ညွှန်းဖွဲ့ တင်ပြနိုင်မည် မဟုတ်ပါ။
တစ်သက်တာမှာ အမှတ်တရဖြစ်နေစေသော အမှတ်တရအချို့ကို ထုတ်နှုတ်တင်ပြရင်း အမေနှင့်တကွ ပုခက်လွှဲသော လက်အစုံပိုင်ရှင်တို့ကို အမြဲဦးညွှတ်ကန်တော့ပန်းဆင်နေပါ၏။)


မှတ်ချက် …ဒီစာသားကို မြန်မာချစ်သူ ၀က်ဆိုက် ကလား ဒါမှမဟုတ် အင်တာနက်ချစ်သူ ၀က်ဆိုက် မှာလားတော့မသိဘူး အဲဒီဆိုက် နှစ်ခုက တစ်ခုခုက ကူးယူဖေါ်ပြသည်။
 ကျွန်တော်အလွန်ကြိုက်သောကြောင့် ဒီဆောင်းပါးကိုတင်ခြင်းဖြစ်ပါသည်။

No comments:

Post a Comment